Htoo Tay Zar

Profile

Web Designer
Design | Myanmar, MM

Education

  • 2007 - 2009
    Dip In Network Engineering
    Computer Networking

Additional Information

Interests:
Web Standards, User Interface, Mac, Graphic Design, Music

Posts

February 02, 02:12 PM

ဒီရက်ပိုင်းမှာ CNet, Forbes တွေမှာတက်ခဲ့တဲ့ Canon ရဲ့ 5D Mark III prototype ပုံကိုကြည့်ပြီး သရေကျနေမိတယ်။ လက်ရှိနောက်ဆုံး 5D Mark II full frame dslr က ထုတ်ခဲ့တာတော်တော်ကြာနေပြီ။ ပြီးအမှန်အတိုင်းပြောတာ ကျွန်တော် 550D လောက်ကိုမကြိုက်တာ 5D ကော 5D mark II ကောပဲ အဆိုးဆုံးကတော့ shutter သံက အစနားထောင်လို့မကြိုက်ဘူး။ လက်ရှိမှာ ဒင်းက full frame ဆိုတာလေးနဲ့ အသက်ဆက်နေတာ auto focus point ကလဲ ၉ ပွိုင့်ပဲပါတယ် photojournalism မှာ အရေးပါတဲ့ fps ကလဲ မကောင်းဘူး။ ဆိုးတာက ဘော်ဒီဒီဇိုင်းက သိပ် လေးထောင့်ကျလွန်းတယ် လက်ထဲမှာ ကိုင်ဖို့ အချိုင့်မပါတဲ့ မျက်နှာပြင်ကြီးကို ညှပ်ပြီးကိုင်ရတဲ့ အတွက် အားစိုက်ရတယ်။ နောက် ဗီဒီယို ရိုက်ရင် 1080P တူတူပဲဆိုပေမယ့် သူ့မှာ ဗီဒီယိုအတွက် သီးသန့် ခလုတ်မပါဘူး။

ပြောရရင်တော်တော် ဒိတ်အောက်နေပြီပေါ့။ လက်ရှိတော့ 7D ကို အကြိုက်ဆုံးပဲ သူ့မှာ APSC ဖြစ်နေတော့ 1.6X crop factor မြောက်တာ ရှိနေတာလေးပဲပြောစရာရှိတယ်။ ခန့်မှန်းထားတာလဲ တကယ်တမ်း 5D mark III ဟာ 7D ကို full frame sensor ပြောင်းသွားတာဖြစ်လိမ့်မယ်လို့ အရင်ကတည်းက မှန်းထားတာ။ ထင်တဲ့အတိုင်းပဲ prototype design က 7D နဲ့ သားအဖ လိုတူတယ်။ အဲဒီကင်မရာကို ဂျပန်နိုင်ငံသားတစ်ယောက်က ကင်ညာမှာ ဓာတ်ပုံရိုက်နေတာကို အခြား ဓာတ်ပုံဆရာတစ်ယောက်က မမြင်ဖူးတဲ့ မော်ဒယ်မို့ ဓာတ်ပုံရိုက်ထားတာပါ။ သူမေးတော့ အဲဒီဂျပန်က သူက Canon မှာ လုပ်တယ်ဆိုတာကလွဲပြီး အင်္ဂလိပ်လို ကောင်းကောင်းမပြောတတ်ဖူးဆိုပါတယ်။ အသစ်ဆိုတော့ ဖြစ်နိုင်ခြေက 5D Mark III လား ဒါမှမဟုတ် 7D Mark II လားပေါ့။ တကယ်တမ်းသေချာ ကြည့်ရင် 5D Mark III ဖြစ်နိုင်ခြေပိုများပါတယ် ဘာလို့လဲဆိုတော့ ကင်မရာခေါင်းမှာ pop up flash မပါတာကို သိသိသာသာကြီးတွေ့ရမယ်။ flash မပါဘူးဆိုကတည်းက viewfinder အပေါက်မှန်ကြီးပြီး full frame ကင်မရာဖြစ်နေတာ သေချာပါတယ်။

ကင်မရာရဲ့ ခလုတ်နေရာတွေက 7D နဲ့ တစ်ထပ်ပါပဲ။ ကြည့်ရတာ button layout ပုံသေထားတော့မယ်ပုံပဲ Canon ကင်မရာတွေမှာ ဆိုးတာတစ်ခုက ကင်မရာခလုတ်တွေ နေရာအရင်ကမမှန်ဘူး မော်ဒယ်တစ်ခုကို တစ်မျိုးပြောင်းနေတာ အခုတော့ ငြိမ်သွားပုံပဲ။ နောက် သတိထားမိတာက dial mode အလယ်မှာ lock ပါလာတာတွေ့တယ်။ အဲဒီ lock က 60D မှာပဲပါခဲ့တာ dial လှည့်ချင်ရင် သူ့ကို ဖိပြီးလှည့်မှ လည်တယ်။ နောက်တစ်ခု ထူးခြားတာက battery grip မှာ joystick လေးပါလာတယ်။ အရင် ကင်မရာ grip တွေမှာ အဲဒါမပါတော့ အတော်ဒုတ်ခရောက်တယ် ဒေါင်လိုက်ရိုက်ရင်းနဲ့ auto focus point အမြန်ပြောင်းရမယ်ဆိုရင် ကွိုင်တက်ရော ချောင်းကြည့်ပေါက်ကနေ မျက်လုံးကို နဲနဲလေးခွာလိုက်ပြီး လက်ချောင်းအပေါ်ရွေ့ပြီး အဆင်မပြေပြန်လှည့်ရတယ်။ အဲဒါလေးတွေက စက္ကန့်ပိုင်းလောက်သာကြာတယ်ဆိုပေမယ့် သတင်းဓာတ်ပုံလို ဖန်တီးယူရတာမဟုတ်တဲ့ လျှပ်တစ်ပြတ်ရိုက်ရပြီဆို ခက်တယ်။ အခုတော့ အဆင်ပြေသွားတာပေါ့။ ကောလဟာလကြားရသလောက်တော့ 5D Mark III က 22MP နဲ့ 6.7 fps ရှိမယ်ဆိုပါတယ်။ 7D ရဲ့ 8 fps ကို မမှီပေမယ့် full frame starter မှာ အဲဒီလို စပိရမယ်ဆိုရင် ဂွတ်ပြီပေါ့။ Auto focus point က အနည်းဆုံး ၂၀ အထက်မှာရှိမယ်ထင်ပါတယ်။ ထွက်လာရင်တော့ ပိုက်ဆံချေးပြီးဝယ်ဖို့ စိတ်ကူးထားတယ်။ စျေးကတော့ ဖြစ်နိုင်ချေရှိတာ 2500 (body only) ဝန်းကျင်လောက်ဖြစ်လိမ့်မယ် ထင်ပါတယ်။

Related Posts


January 25, 03:06 PM

လွန်ခဲ့တဲ့ တစ်ရက်က သူငယ်ချင်းတစ်ယောက် ချောကလက် ဆိုင်အတွက် ကြော်ငြာ ဓာတ်ပုံသွားရိုက်ဖြစ်ပါတယ်။ အဲဒီဆိုင်ဖွင့်တုန်းကလဲ သွားရိုက်ပေးဖူးပါတယ်။ အင်း ကိုယ်တိုင်ကတော့ ဘာပြောရမလဲတောင် မသိတော့ဘူး web design လဲရေးတယ်၊ သတင်းဓာတ်ပုံလဲရိုက်တယ်၊ ကြော်ငြာအတွက်လဲ ရိုက်တာပဲ ဝါသနာပါနေတာလဲ ပါတာပေါ့လေ အစုံလုပ်ဖြစ်နေတယ်။ အခုတစ်ခေါက်က တော်ဝင် စင်တာက သူတို့ရဲ့ ဆိုင်မှာ ရိုက်ဖြစ်ပါတယ်။

သူက ချောကလက် သီးသန့်ရောင်းတာ Chococity လို့ ခေါ်တဲ့ဆိုင်ပေါ့ နိုင်ငံခြားကနည်းတွေသုံးပြီးထုတ်ထားတယ်။ သူငယ်ချင်းတွေမို့ ဘော်ဒါတစ်ယောက်ကတော့ အားပေးရှာပါတယ် သူတို့ဆိုင်က တော်ဝင်စင်တာမှာ စျေးအကြီးဆုံးဆိုင်ပဲတဲ့။ တကယ်လဲစျေးကြီးပါတယ် ချောကလတ်တွေများ လက်ဆောင်ပေးချင်ရင် luxury အဆင့်ထိတောင် ရှိတာတွေ့တယ်။ စားလို့ကလဲ အရသာတော်တော်ရှိပါတယ်။ အင်း တစ်ခုရှိတာက ဓာတ်ပုံရိုက်ရတာတော့ အတော်လက်ဝင်ပါတယ်။ ချောကလတ်က များသောအားဖြင့် ချောကလက် အရောင် အညိုရောင်မျိုးတွေများတယ်။ တစ်ခုရိုက်လို့ကောင်းတာက သူတို့က တကယ် ချောကလက်လုပ်တာဆိုတော့ ချောကလက် အရည်တွေ နောက်လုပ်တဲ့ စက်တွေရိုက်ရင် တော်တော်လှတယ်။ ရိုက်ရတဲ့ theme က အဓိကက Valentines’ Day အတွက်ပါ။

ဒါနဲ့ပဲ ချောကလက် အမျိုးစုံ၊ အရောင်စုံ၊ ဒီဇိုင်းစုံတွေကို bokeh လေးတွေနဲ့လှအောင် ရိုက်ပေးလိုက်ပါတယ်။ အမှန်တော့ သူတို့ကလိုချင်တာ overview table top လိုမျိုးမှာ ချောကလက်မျိုးစုံပါတဲ့ ပုံမျိုးလိုချင်တာ၊ ကျွန်တော့်သဘောအရဆိုရင်တော့ အများကြီးပြုံထည့်မယ့်အစား ချောကလက်တစ်ပုံမှာ တစ်ခုခုကိုပဲ စွဲဆောင်မှု့ရှိအောင် ရိုက်ချင်တာ။ အဆင်ပြေသွားအောင် သူတို့လိုချင်တဲ့ ပုံမျိုးရိုက်ပေးလိုက်ပြီး စိတ်ကျေနပ်လောက်မှ ကျွန်တော်လိုချင်တာ ရိုက်လိုက်တယ်။ နောက်ဆုံးတော့လဲ အဲဒီက နိုင်ငံခြားသားတွေ ကို်ယ်တိုင်ယှဉ်ကြည့်ပြီး ကျွန်တော်ရိုက်တဲ့ ပုံစံမျိုးသုံးဖြစ်သွားပါတယ်။ တစ်ခါတစ်လေတော့လဲ အဲဒီလိုပဲ ကိုယ်လိုချင်တာနဲ့ client လိုချင်တာ ကွဲနေတာများတယ် ပြည်တွင်းမှာဆိုပိုဆိုးတယ်၊ တစ်ခါတည်းနဲ့ ပြောပြလို့ သဘောမပေါက်ရင် လက်တွေ့ ၂ ခု ၃ ခုလောက်လုပ်ပြပြီး ယှဉ်ပြရတော့ လုပ်ရတာပင်ပန်းတာပေါ့။ စိတ်ခံစားချက်နဲ့ လုပ်ရတဲ့ ဓာတ်ပုံတို့ ဒီဇိုင်းတို့ဆိုတာက ကိုယ်လုပ်ပြထားသလောက် တစ်ဖက်ကမကြိုက်ရင် သွားရောပဲ အဓိကက ပြည်တွင်းမှာ နိုင်ငံခြားက ဒီဇိုင်းလိုမျိုးတွေ အမြင်နည်းတာပါမယ်။ Minimalism လိုမျိုးဆို ကျွန်တော်ကြိုက်ပေမယ့် ဒီမှာက လက်ရှိအထိ အလုပ်သိပ်မဖြစ်သေးဘူး။ အင်း အခုကတော့ ရိုက်ထားတဲ့ အထဲက ကျွန်တော်ကြိုက်လို့ ဘလောဂ်မှာ ပြန်တင်တာဖြစ်ပါတယ် တစ်ပုံကို ချောကလက်တစ်မျိုး highlight လုပ်ထားတာပေါ့။ Valentines’ Day တော့နီးလာပြီပေါ့ ချောကလက်တွေ ရောင်းကောင်း၊ ပန်းတွေရောင်းကောင်းဦးမယ်။

Related Posts


January 22, 01:35 PM

ဒီနေ့ည ဘာစာရေးရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ iPad အတွက် apple က ထုတ်ထားတဲ့ iPad camera connection kit အကြောင်း ရေးဖြစ်ပါတယ်။ ဒီကောင်လေးက iPad 1 ထွက်ကတည်းက သူတို့ရောင်းခဲ့တာပါ။ ဒေါ်လာ ၃၀ လောက်ပေးရမယ် အထဲမှာ ခေါင်းလေး ၂ ခုပါပါတယ် တစ်ခုက SD Card reader, နောက်တစ်ခုက USB port အဲဒီ၂ ခုက iPad ရဲ့ 30 pin connector မှာသွားဆက်ရတာပါ။

အဲဒီခေါင်းလေးနဲ့ SD card တွဲဆက်လိုက်တဲ့ အခါ iPad က photo viewer တက်ပါတယ်။ အဲဒီကနေ import လုပ်ယူလို့ ရပါတယ်။ အစက ဒီကောင်လေးဝယ်ရင်ကောင်း ဒါမှမဟုတ် Eye-Fi SD Card ဝယ်ရင်ကောင်းရွေးရခက်နေတာပါ။ Eye-Fi SD Card က အဲဒီ SD card အရွယ်ထဲကနေ wireless နည်းပညာနဲ့ mobile phone, laptop တွေကို အခုရိုက်အခု auto ပို့ စနစ်နဲ့ လုပ်ပေးနိုင်ပါတယ်။ အွန်လိုင်းမှာ ဗီဒီယို နမူနာလဲ ရှာကြည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက Canon dslr အမြင့်တွေက CF card တွေဆိုတော့ အဲဒီကတ်နဲ့က ရေရှည်အလုပ်မဖြစ်ပဲ point n shoot လောက်မှာပဲ အလုပ်ဖြစ်မယ့်ပုံ ဖြစ်နေတယ်။ ဒါနဲ့ Apple ထုတ် connection kit ဝယ်ဖြစ်သွားတာပါ။

iPad camera connection kit က CF ကတ်နဲ့ ချိတ်ချင်ရင် နဲနဲ အလုပ်ရှုပ်ပါတယ်။ USB ပေါက်ပေးထားပေမယ့် အဲဒီကောင်မှာ CF card reader usb ခေါင်းသွားတတ်ရင် ကတ်ကို မသိပါဘူး သူပြောတာက external power ပေးဖို့လိုပါတယ်တဲ့။ ဆိုတော့ CF Card သုံးချင်ရင် ဘယ်လိုလုပ်ရလဲဆိုတော့ dslr ကင်မရာက A/V digital out (mini usb) ကနေ USB ကြိုးနဲ့ ဆက်ပြီးမှ သုံးရပါတယ်။ ကင်မရာကို ပါဝါဖွင့်ပေးထားရပါတယ်။ အဲဒီလို သုံးရင်ရပါတယ် နောက် ဓာတ်ပုံတွေ import လုပ်ရတာလဲ အခက်အခဲမရှိပါဘူး CF Card (solid state) ကနေ iPad ရဲ့ memory (solid state) ခြင်းကူးတာဆိုတော့ laptop က ဟတ်ဒစ် ဆီကူးတာထက် ပိုမြန်ပါတယ်။

.Jpeg တင်မဟုတ်ပဲ RAW ဖိုင်တွေပါ import လုပ်ပြီးဖတ်နိုင်ပါတယ်။ နောက် HD movie တွေလဲ သွင်းလို့ရတယ် edit လုပ်လို့ ရပါတယ်။ Laptop သယ်ရမယ့် အလုပ်တွေကို iPad လေးနဲ့ သယ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားနိုင်ပါတယ်။ Photojournalist တွေအတွက် အခုရိုက် အခု iPad နဲ့ တင်လို့ရတာ အားသာချက်ပါတယ်။ ကံဆိုးချင်တော့ 3G မရှိ Wifi သုံးလဲနှေးတဲ့ အင်တာနက်နဲ့ မြန်မာနိုင်ငံမှာ iPad က လက်တွေ သိပ်မဆန်ပါဘူး။ ခုထိလဲ laptop အလေးကြီးသယ်ပြီး ပြေးနေရတုနး်ပဲ။ အမှန်တော့ 3G သာရပြီး မြန်မယ်ဆို iPad camera connection kit ရယ် နောက် Photo Forge 2 app မှာ IPTC data တွေရေးပြီး အမြန်ပို့နိုင်ရင် သယ်ရတဲ့ ဝိတ်ပေါ့ပြီး အတော်အလုပ်တွင်မှာပါ။

Camera connection kit က အစက usb thumb drive တပ်ရင်လဲ ဖတ်ပေးနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော် iOS 4, 5 ကျမှ ဝယ်လို့လား မသိဘူး ဘာမှမထူးခြားပါဘူး။ Jailbreak လုပ်ထားတဲ့ iPad တွေအတွက်တော့ အခြား hack လုပ်ထားတဲ့ နည်းတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဆိုတော့ ဒီ kit က point n shoot လိုမျိုး entry level dslr မျိုးတွေအတွက် SD card သုံးရင် အဆင်ပြေသလို အခြား CF ကတ်သုံးတွေအတွက်လဲ ကြိုးတစ်ဆင့်ထပ်ခံရတာလွဲရင် အတော်အဆင်ပြေပါတယ်။ ဓာတ်ပုံဝါသနာအိုးတွေအတွက် အဆင်ပြေတယ်ပေါ့. ဟိုလို ကောင်မလေးတွေ self shot ရိုက်ပြီး facebook တင်ချင်တာမျိုးအတွက်တော့ အဆင်မပြေလောက်ဖူး iPad လဲ သယ်ရ point n shoot သယ်ရနဲ့ အလုပ်ရှုပ်နေမယ်။ ကောင်းတာကတော့ အဲဒါမျိုးတင်ချင်တယ် ကွာလတီ သိပ်မလိုဘူးဆို iPhone 4S ကင်မရာမျိုးလောက်နဲ့တင် လုံလောက်ပါတယ်။ မေ့လို့ အခုပြောနေတဲ့ iPad camera connection kit က iPhone, iPod touch တွေနဲ့ အလုပ်မလုပ်ပါဘူး။ iPad 1, 2 နဲ့သာ အလုပ်လုပ်ပါတယ်။ အခုပြောခဲ့တာက Apple က တရားဝင်ထုတ်တဲ့ဟာပါ အခြား 3rd party ထုတ်တွေက စျေးပိုသက်သာနိုင်ပြီး CF Card တိုက်ရိုက်ရတဲ့ ခေါင်းတွေလဲ တွေ့မိပါတယ်။ ပြည်တွင်းမှာက 3rd party ရောင်းတာမရှိလို့ official ပဲ သုံးဖူးကြောင်းပါခင်ဗျာ…

Related Posts


January 19, 04:29 PM

ပြီးခဲ့တဲ့နေ့က မတွေ့တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ဘော်ဒါတစ်ကောင် ဖုန်းဆက်လာလို့ မြို့ထဲမှာတွေ့ဖြစ်ပါတယ်။ ဒီကောင်က ကျွန်တော်နဲ့ ပထမနှစ်ကတည်းက တူတူတက်ခဲ့တဲ့ ကောင်ပေါ့ စိုးညီညီ လို့ခေါ်တယ် ဘော်ဒါအချင်းချင်းကတော့ ကျောင်းတက်ကတည်းက နှုတ်ကျိုးနေသလို ယောက်ဖ ပဲ အချင်းချင်းခေါ်တယ်။ အင်းတွေ့ဖြစ်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်။ ဒီကောင်က အခု ရန်ကုန် က သယ်ယူပို့ဆောင်ရေးရုံးတစ်ခုမှာ မန်နေဂျာလိုတောင်ဖြစ်နေပြီ။

အဲ ပညာရေးကတော့ ကျွန်တော်နဲ့ ရူပဗေဒ ပထမနှစ်တက်အောင် ပြီးကတည်းက ဒုတိယနှစ်က မတက်တာ ၃ နှစ်ရှိပြီ။ ရှိဆို ဒီကောင် အဝေးသင်သွားပြောင်းတာကိုး အမှန်တော့ ကျွန်တော်လဲ သူနဲ့ အတူတူ အဝေးသင်ပြောင်းလိုက်တာပါပဲ။ ကျွန်တော်က ဒုတိယနှစ်မှာ ရန်ကုန်မှာ တက်တော့ ကျောင်းမတူတော့ ဒီကောင် ကျောင်းအတူသွားမယ့်သူ မရှိ စာအတူလုပ်မယ့်သူ မရှိဆိုတော့ မအောင်တော့ဘူးပေါ့လေ ကျွန်တော်လို ပညာရှိနဲ့ ဝေးသွားတာကိုး။ ကျွန်တော်တို့ ငယ်ငယ်က ကလေးတွေက ဒီကောင်နဲ့ အတန်းတူနေဆိုပဲ။ အတော်ရီရတဲ့ ကောင် ဒီကောင်က နောက်ပိုင်း သူ့ ဇာတိ ကြံခင်းဘက်ပြောင်းသွားလို့ အဆက်အသွယ်ပြတ်သွားတာ။

တက္ကသိုလ်က ကျွန်တော်တို့ အတူတူ ကျောက်ဆည် တက္ကသိုလ်မှာ တက်ခဲ့တာ ကျောင်းက မြို့နဲ့ တော်တော်ဝေးတယ် အများစုက ဆိုင်ကယ်နဲ့ တက်ကြတယ် ကျွန်တော်အိမ်က ဆိုင်ကယ်ဝယ်မပေးတော့ မနက်တိုင်း ဒီကောင်နဲ့ အတူတူ မြို့ထဲကနေ ဟိုင်းလတ်ကား ခေါ်မိုးပေါ်တက်စီးပြီး ကျောင်းသွားရတယ်။ ကျောင်းက ကားလမ်းကနေ ၁ မိုင်လောက် အထဲဝင်ရသေးတော့ အတူလမ်းလျောက်ပေါ့ အဲဒီလို တက်ခဲ့ကြတာ။ တစ်ခါတစ်လေပျင်းရင် ကျောင်းထဲဝင်ရုံဝင်ပြီး ကန်တင်းက အသိဆိုင်မှာ ဝင်အိပ်လိုက်နဲ့ ဂစ်တာတီးလိုက်လုပ်နေကြ။ နောက်အတူတွဲဖြစ်တာက ဘူမိဗေဒက ကိုဖိုးဇော်ပေါ့ သူကျွန်တော်တို့ထက် အသက် ၃ နှစ်လောက်ကြီးတယ် ဆယ်တန်းကျခဲ့တာရယ် တက္ကသိုလ်မှာကျတာတွေရယ်ကြောင့် ပထမနှစ်ချင်းတူပေမယ့် သူက အသက်ကြီးတယ်။ သူက အိမ်ကဝယ်ထားတဲ့ ဆန်နီကားလေးရှိတယ် အဲဒီကားလေးနဲ့ တစ်ခါတစ်လေ အော်ဒါ အနီးနားက မြို့တွေ လိုက်မောင်းတတ်တယ်။ တစ်ခါတစ်လေတော့လဲ သူ့ကားပါရင် ၃ ကောင်လျောက်လစ်တာပေါ့ များသောအားဖြင့်ကားမပါတတ်တော့ အားလုံးလမ်းလျောက်ပြန်နဲ့ ပါသမျှပိုက်ဆံ အသားကုန်သုံးပြီး အပြန် လမ်းကြုံ ကုန်ကားကို တားစီးပြီးပြန်တယ်လေ။

ယောက်ဖနဲ့ စကားစပ်မိတော့မှပဲ ကျောင်းတုန်းက ဘော်ဒါတော်တော်များများ အိမ်ထောင်ကျကုန်တာ သိရတော့တယ်။ နယ်တွေမှာက အဲဒီလိုပဲဗျ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုလေ့ရှိတယ်။ အသိစာကူးပေး လက်မှတ်ထိုးပေးနေကျ အသိကောင်မလေးလဲ ကလေးတောင်ရနေပြီ၊ ကျောင်းတုန်းက ကွင်းရသွားတဲ့ ပျဉ်းမနားက ကောင်မလေးလဲ ယောက်ကျားရသွားပြီ၊ နောက် အခြား ကောင်မလေးတော်တော်များများ လဲ အိမ်ထောင်ကျကုန်ပြီ ကျန်တာဆိုလို့ ကျွန်တော့်ဘော်ဒါ ယောက်ကျားလေး အပေအတေကောင်တွေပဲ ရည်းစားတောင် တစ်ယောက်မှ မရသေးပဲ ကျန်နေတာ နှမြောတာကတော့ ကွင်းကောင်မလေးပေါ့ ပျဉ်းမနားကဆိုပေမယ့် အသားလဲဖြူပြီး ဝတ်မှုန်ရွှေရည်နဲ့ ဆင်တယ်ဗျ။ အမှန်တော့ သူက ကွင်းဖြစ်ပြီး ကျွန်တော် မရည်ရွယ်ပဲ ကင်းဖြစ်သွားခဲ့တာ အမှန်တော့ ယောက်ဖတစ်အုပ်နဲ့ မောင်မယ်ကြိုဆိုပွဲနေ့က နောက်ဆုံးတန်းကနေပြောင်မယ် လှောင်မယ်ဆိုပြီး ရောက်သွားတာ.. ရောက်ဆို ပထမရက် ဇီဝဗေဒ တုန်းကလဲ မဆိုင်ပဲနဲ့ ရောက်သွားပြီး ဇီဝဗေဒက ကောင်တွေအားလုံးခေါ်ညှိပြီး ကင်းကွင်းကို သူတို့ အတန်းထဲက ရုပ်အဆိုးဆုံး ကောင်မလေးနဲ့ ကောင်လေး ရအောင် အတို့အထောင်လုပ်ခဲ့တာ အောင်မြင်သွားခဲ့တယ်လေ။ အမှန်တော့ အဲဒီတုန်းကလဲ ပေါက်ကရပဲလုပ်ချင်နေတာ နောက် ရန်ကုန်မှာက ၁၀ တန်းကတည်းက တွေ့ခဲ့တဲ့ တစ်ယောက်ရှိပြီးသားဆိုတော့ သူများသားသမီးစိတ်ပျက်အောင် မလုပ်ချင်တာလည်းပါပါတယ်။

ကျောင်းမှာ အစပိုင်းက သိပ်မတည့်တဲ့ ကောင်တွေရှိတယ် ကျွန်တော်ရန်ရှာတာတော့ မဟုတ်ပါဘူး သူတို့ဘာသာ ကျွန်တော့်ကို အမြင်မကြည်တာ နောက်ပိုင်းတော့ ကျွန်တော်ကပဲ အလျော့ပေးပြီးပေါင်း စာမေးပွဲဆို စာခိုးပြနဲ့ နောက်ပိုင်း ဘော်ဒါတွေဖြစ်သွားတယ်။ ကျောင်းမှာ ကျွန်တော်တို့နဲ့ မတူပဲ ရန်ဖြစ်မယ်ဘာညာနဲ့ လူမိုက်တွေ ရှိပေမယ့် မျက်နှာပြောင်တဲ့အဖွဲ့ဆို ကျွန်တော်တို့ပဲ ရှိမယ်ထင်တယ်။ တစ်ခါကလဲ ကိုဖိုးဇော်နဲ့ စိုးကြီးနဲ့ အတူတူ ၃ ကောင် မော်ကွန်းထိန်း ရုံးခန်းထဲ ဗျောက်ပစ်ထည့်ပြီး ထွက်ပြေးသေးတယ်။ နောက် အခြားအခန်းတွေ စာသင်နေရင် အခန်းအပြင်ကနေ လျောက်ရင်း ပြောင်ပြတာတို့ ဘာတို့လဲ ခဏတိုင်းလုပ်တယ်။ အဲ ပေါက်ကရလုပ်ပေမယ့် ပြန်လျော်တဲ့ အနေနဲ့ ကျောင်းကပွဲတွေ ဘာတွေရှိရင် ကျွန်တော်တို့ အဖွဲ့ကပဲ သေသေချာချာဦးဆောင်လုပ်ပေးတယ်။

နောက် ဘော်ဒါတွေထဲမှာ တစ်ကောင်ရှိသေးတယ် ပါချက် ဆိုတဲ့ကောင် ဒီကောင်က အားရင် ဘိလိယက်ထိုးနေတာ ကျွမ်းကျင်သလားတော့ မမေးနဲ့ ကျောင်းနားက ဘိလိယက်ခုံတွေအားလုံး ဒီကောင်ကို ပိုက်ဆံကြေးကစားရင် မခေါ်ဘူး သူ့လက်ကိုသိလို့။ ဒီကောင်ကလဲ လူဆိုး တစ်ခါတစ်ခါ ကျောင်းတက်နေရင်းကနေ ၂ ပတ်လောက်ပျောက်သွားတတ်သေးတယ် ဘယ်သွားလဲဆိုတော့ ရှမ်းပြည်ကနေ မူဆယ်၊ ကြယ်ခေါင်အထိတက်ပြီး တရုတ်ဆိုင်ကယ်တွေကို တောလမ်းကနေ ခိုးမောင်းပြီး ဆိုင်ကယ်ချတတ်သေးတယ်။ အဲဒီအချိန်က ကိုယ်တွေသာ ဆိုင်ကယ်ဝယ် မစီးနိုင်တာ တော်တော်များများက တရုတ်ဆိုင်ကယ်တွေနဲ့ အိုကေ နေကြတယ်။ စိုးကြီးပြောမှ ဒီကောင်တွေ ဆိုင်ကယ်မှောက်သေးတာ သိရတယ် တစ်ရက်က ကျောင်းဘက်က အဆောင်တွေမှာ ညဘက် ဂစ်တာတီးပြီး မြို့ အပြန် မြို့အဝင်နားမှာ လမ်းဖြတ်ကူးတဲ့ နွားမကြီးကို တိုက်မိသေးတယ်ဆိုပဲ။ နွားတိုက်ပြီး ဒင်းတို့ ၃ ကောင်စီးလာတဲ့ ဆိုင်ကယ်က တရွှတ်တိုက်ကြီး ပေ ၃၀ လောက်လွင့်သွားတယ်တဲ့ ကံကောင်းလို့ တစ်ကောင်မှ မကျိုးမကန်း၊ ဦးနှောက်မပွင့်ပဲ ပွန်းပဲ့တာတွေပဲ ဖြစ်သွားတယ်။ နွားမကြီးက ပွဲချင်းပြီး လျောသွားတယ်တဲ့ အနားက လူကြီးတစ်ယောက်က ဟေ့ကောင်တွေထစမ်းထစမ်းလို့ ခေါ်ပြီး မင်းတို့ တိုက်တဲ့ နွားကြည့်စမ်း မြန်မြန်လစ်တော့ ဆိုလို့ ၃ ကောင်လုံး နွားလျောသွားတာတွေ့လို့ ဆိုင်ကယ်ချက်ချင်းထောင်ပြီး မောင်းလို့ ရနေသေးလို့ အရှိန်တင်ပြီး ထွက်ပြေးခဲ့ရသေးသတဲ့။

ကျောင်းတုန်းက စာကတော့ဒီလို အပေါင်းအသင်းတွေနဲ့တွေ့ပြီး ကြိုးစားသလား မမေးနဲ့ စားမေးပွဲတိုင်း supple စာမေးပွဲက အနည်းဆုံး ၁ ဘာသာတော့ ပြန်ဖြေရတယ်။ ကျွန်တော်က နဲနဲစာလုပ်သေးတော့ ပါရင် ၁ ခုလောက်ပဲ ဟိုကောင်တွေက ပါလိုက်ရင် ၂ ခု ၃ ခု ပြီးလာရင်လဲ ဘောပင်တောင် မပါတဲ့ ကောင်နဲ့ ဖြေခါနီးမှ အခန်းနံပါတ်မသိလို့ တိုင်ပတ်တဲ့ အကောင်နဲ့ စာအတော်ကြိုးစားကြတာ။ စိုးကြီးဆို ဒုတိယနှစ်က အောင်စာရင်းမှာကော ကျတဲ့ စာရင်းမှာပါမပါလို့ ရုံးခန်းသွားမေးရသေးတယ် ဒီကောင်က မြန်မာစာ ထိတာ ကျတဲ့အထဲမပါ အောင်တဲ့အထဲမပါဆို မြန်မာစာနေ့က ခိုးချတာ ခဏတိုင်းမိသွားတာကိုး အပယ်ခံလိုက်ရတာတဲ့။ အဲဒါနဲ့ နောက်တစ်နှစ်ပြန်တက်ရပြန်ရော။ အမှန်တော့ ကျွန်တော်လဲ မထူးပါဘူး အဝေးသင်ပြောင်းပြီး maths နဲ့ကျလိုက်သေးတယ်လေ ပထမနှစ်က သူငယ်ချင်းကောင်မလေး စုစု မန္တလေး မိန်းထဲမှာ မဟာတန်းတက်နေတဲ့ အချိန်က ကျွန်တော် နောက်ဆုံးနှစ်အသည်းအသန် စာလုပ်နေရတုန်းပေါ့။

တစ်ခါကလဲ ကိုဖိုးဇော်နဲ့ စိုးကြီး၊ ပါချက်တို့ တောင်ကြီးတန်ဆောင်တိုင်ကို သူ့ ဆန်နီ ကားလေးနဲ့ တက်ဖို့ တိုင်ပင်ကြသေးတယ်။ အဲဒီတုန်းက ကျွန်တော်က ဘာဖြစ်လို့လဲ မသိဘူး မလိုက်ဖြစ်လိုက်ဘူး။ ကံကောင်းသွားတယ် ပြောရမလားပဲ ဒီကောင်တွေ တောင်ကြီးတက်သွားတာ တောင်ပေါ်လမ်းတင် ဒီကောင်တွေ ဆန်နီက ပျက်လိုက်တာ၊ ပျက်လိုက်ပြင်လိုက် နဲနဲတက်လိုက် ၁ ညအိပ်လိုက်နဲ့ တောင်ကြီးတန်ဆောင်တိုင်ပြီးသွားတယ် ဒီကောင်တွေ အောင်ပန်းတောင် မရောက်လိုက်ဘူး လမ်းတင် သူများကားက ပစ်ပေးသွားတဲ့ ရေသန့်ဘူးလေး သောက်လိုက်၊ စားစရာလေးတွေ့ရင်ဝယ်စားလိုက်နဲ့ ဘဝပျက်ပြီးပြန်လာကြတယ်။ ဟိုကောင်တွေ နောက် ကိုဖိုးဇော်ကား ဆို အသေလန့်သွားတယ်။ တစ်ခါကလဲ ကိုဖိုးဇော်ကားကို ကျောင်းက ကျောင်းသူ၊ ကျောင်းသားလေးတွေ စုငှားပြီး ကျောက်ဆည်နဲ့ မိုင် ၄၀ လောက်ပဲဝေးတဲ့ မန်းလေးသွားတာ အပြန်လမ်းမှာ ကားပျက်လို့ ကြုံတဲ့ ကွပ်ပစ်မှာ တစ်ညအိပ်လိုက်ရပြီး ကျောင်းသားတွေ အဲဒီနေရာမှာ သရဲပါ အခြောက်ခံလိုက်ရသေးတယ်။ သူ့ကားက နာမည်ရချင်တော့ အဲဒီလို။ ခုတော့ သူလဲ အဲဒီကားရောင်းလိုက်ပြီ မရှိတော့ဘူး ပြောတယ်။

စိုးကြီးက ပြောသွားသေးတယ် ဟေ့ကောင်ရေတဲ့ ငါ အခုရန်ကုန် ရုံးခန်းက သရဲခြောက်သဟ တဲ့ ဒီကောင်က ရုံးကပေးထားတဲ့ အခန်းမှာပဲ အိပ်တာ စရောက်ရောက်ခြင်းညက ပုခုံးလာညှစ်ထားတာဆိုပဲ ဒီကောင်လှုပ်လို့လဲ မရဘာမရနဲ့ မင်းဘယ်ကကောင်လဲလို့ မေးတယ်တဲ့ ဒီကောင်က ဝန်ထမ်းအသစ်ပါဆိုပြီး ပြောမှ လွတ်ပေးပြီး နောက်မလုပ်တော့ဘူးတဲ့။ အဲဒါနဲ့ သူအရင်နေတဲ့ အကိုကြီးကို မေးကြည့်တော့ ဟုတ်တယ် ရှိတယ်တဲ့ ၁ ကောင်တောင်မဟုတ်ဘူး ၄ ကောင်ရှိတယ် ဆိုပဲ။ ဒီကောင်ကျောချမ်းသွားတယ် အခုတော့လဲ အဆင်ပြေနေပြီဆိုပဲ ဟိုတစ်နေ့က လှည်းတမ်းမှာတွေ့တုန်းကတောင် ငါးကင်ဝယ်သွားပြီး ညမှစားမလို့ ဆိုတာ မင်းသရဲ ၄ ကောင်နဲ့ ဖြစ်ပါ့မလားဆိုမှ ငြိမ်သွားတယ်။ ဖြစ်လိုက်ရင် ဟာသချည်းပဲ နောက်မှ ဒီကောင်တွေနဲ့ ထက်တွေ့ရင် ဆက်ရေးဦးမယ်။ အရင်ကအကြောင်းတွေက အဲဒီလိုပဲ ပေါက်ကရတွေ ပျော်စရာကောင်းပါတယ် ဘာရယ်မဟုတ်ပါဘူး အမှတ်တရအနေနဲ့ ရေးလိုက်တာပါ။ ကျေးဇူးပါ။

Related Posts


January 14, 06:43 PM

ဖားအံထောင်မှာ အနှစ် ၂၀ နဲ့ ၆ လကျော် အကျဉ်းကျခံနေရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် ၁၃ ရက်နေ့ မလွှတ်ခင်ကတည်းက ၁၂ ညလောက် ကတည်းက နောက်ရက်လွတ်မယ်ဆိုပြီး သတင်းကြားနေခဲ့ရပါတယ်။ ပထမ အခေါက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတုန်းက မပါခဲ့တော့ ဒီတစ်ခါလဲ မသေချာသလိုလိုဖြစ်နေပေမယ့် ၁၃ ရက်မနက်ပိုင်းမှာ ဖားအံထောင်က ထွက်လာပြီလို့ သတင်းဓာတ်ပုံရိုက်ဖို့ ရောက်နေတဲ့ ကိုစိုးကြီးက သတင်းပေးလို့ သိခဲ့ရပါတယ်။

၁၃ ရက်နေ့မှာတော့ နေ့လည်လောက်မှာတော့ ကိုနေဘုန်းလတ်ပုံတွေ ကို သတင်းမှာစတွေ့နေရပါပြီ အဲဒီအချိန်က ကျွန်တော်က ဦးခင်ညွှန့်အိမ်မှာ ဓာတ်ပုံရိုက်ပြီးပြန်လာ ဓာတ်ပုံပို့ခါစရှိသေးတယ်။ နောက်တော့ ရန်ကုန်လေဆိပ်မှာ မနီလာသိန်း၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ စတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို အလုပ်အရ စောင့်ပြီး ဓာတ်ပုံရိုက်နေရလို့ တစ်နေကုန်ပါရော။ ကိုစစ်အိမ်နဲ့ မထိုက်တို့ ဖုန်းဆက်ပြီး ကိုနေဘုန်းလတ်ကို သူ့အိမ်မှာ ကြိုကြမယ် ညနေ ၆ နာရီပြောပေမယ့် ကျွန်တော့်မှာ လေဆိပ်မှာပဲ ရှိသေးလို့ လွတ်မလိုဖြစ်နေခဲ့သေးတယ်။ နောက်တော့ ကိုနေဘုန်းလတ်က ည ၁၀ နာရီ ခွဲလောက်မှာမှ ရောက်မယ်ဆိုတော့ ပုံအမြန်ပို့ပြီး သင်္ကန်းကျွန်းဘက်မှာ ရှိတဲ့ ကိုနေဘုန်းလတ်အိမ်ကို အရောက်ပြေးဖြစ်ပါတယ်။

အမှန်တော့လူက ၅ ရက်လောက် ကောင်းကောင်း မအိပ်ရနေ့ဘက် အိတ်အလေးကြီးလွယ်ပြီး ပြေးလွှားဓာတ်ပုံရိုက်ရနဲ့ တော်တော်ပင်ပန်းနေပြီ ဒါပေမယ့် ဟိုရောက်တော့ မဆုံတာကြာပြီဖြစ်တဲ့ ဘလော့ဂ်ဂါ တွေနဲ့ ပြန်တွေ့ဖြစ်တယ်။ ကိုနေဘုန်းလတ် အိမ်မှာ ကိုဇော်ဇော်၊ မင်းယွန်းသစ်၊ ကိုညီလင်းဆတ်၊ ကိုမိုးလိှုင်ည၊ ကိုယောသား၊ ကိုထွန်းကျော်၊ ကိုဖိုးသူတော်။ မထိုက်၊ နန်းညီ၊ မပင့်ဂိုးတို့နဲ့ လူစုံနေကြပြီ နောက်တော့ ကျွန်တော်ရောက်ပြီး မကြာဘူး ကိုစိုးကြီး နဲ့ ကိုရဲအောင်သူ လဲရောက်လာတယ်။ ကိုနေဘုန်းလတ်ကတော့ ည ၁၁ နီးပါးလောက်မှ ရောက်လာပါတယ်။ လမ်းမှာ ဘုန်းကြီးကျောင်းဝင်နေလို့ နောက်ကျတယ်လို့ ပြောပါတယ်။ ရောက်ရောက်ခြင်းပဲ စီစဉ်ထားတဲ့ ကိတ်မုန့်နဲ့ မီးမှုတ်ပြီး ကိုနေဘုန်းလတ်က တစ်ယောက်ချင်းလိုက်ခွံကြွေးပါတယ်။ တစ်ယောက်စီကွျေးပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ကိုနေဘုန်းလတ် နားလို့ရအောင် ညသိပ်မနက်ခင်မှာပဲ အားလုံး ပြန်ခဲ့ကြပါတယ်။

ကိုနေဘုန်းလတ်ကို အလက်ထရောနစ်ဥပဒေနဲ့ အမှန်တော့ ၂၀၀၇ သံဃာအရေးအခင်းမှာ ပါဝင်မှု့နဲ့ ထောင်ချခဲ့တာဖြစ်ပါတယ်။ ကိုနေဘုန်းလတ်နဲ့ ကျွန်တော်တို့ အားလုံးစုပြီး အဲဒီ သံဃာအရေးအခင်း မတိုင်ခင်လေးတင် Myanmar Bloggers Society Seminar လုပ်ခဲ့ပြီး ကျွန်တော်နဲ့ နောက်ဆုံးကတော့ အရေးအခင်းအပြီး လောက်မှာ မြေနီကုန်းက ဓနုဖြူဒေါ်စောရီ ဆိုင်မှာ ထမင်းစားရင် service + သွားတုန်းက နောက်ဆုံးပါပဲ။ နောက်တော့ ကိုနေဘုန်းလတ် အဖမ်းခံရပြီဆိုတာ သိရတယ် အဲဒီအချိန်တုန်းက မမီတို့ရော မဘာညာတို့ရောပြောလို့ ကျွန်တော့် ဘလော့ဂ်ပေါ်မှာ တင်ထားခဲ့တဲ့ ဘလော့ဂ်ဆင်မင်နာ တုန်းက အုပ်စုပုံလဲ အင်တာနက် ဖြတ်ထားတော့ ညဘက်မှာ dial up နဲ့ တက်တယ်ကြားလို့ ကျွန်တော့် ဆရာအိမ်သွားညအိပ်ပြီး ပုံတွေဖျက်လိုက်ရသေးတယ်။ ကိုနေဘုန်းလတ် ပုံကို နောက်တစ်ခေါက်ပြန်တွေ့တော့ စင်ကာပူက အလုပ်လုပ်တဲ့ ရုံး HQ မှာပါ။ Times မဂ္ဂဇင်းဧည့်ခန်းထဲတွေ့လို့ ကောက်ဖတ်ရင်းက ကိုနေဘုန်းလတ်ကို Times ကရွေးတဲ့ 100 list under Hero Categories မှာ ပုံတွေ့လိုက်ရတယ် အဲဒီတုန်းက မဂ္ဂဇင်းကို ဓာတ်ပုံရိုက်ထားသေးတယ် ခုတော့ မတွေ့တော့ဘူး ကိုနေဘုန်းလတ် နိုင်ငံခြားက ဂေါ်ဇီလာ ရုပ်ရှင် ကြော်ငြာရှေ့မှာ ရိုက်ထားတဲ့ ပုံပါလာတာတွေ့ရပါတယ်။

ကိုနေဘုန်းလတ် ထောင်ကျပြီး မကြာဘူး သတင်းကျွတ်မှာလဲ ကျွန်တော်တို့ ဘလောဂ်ဂါ မောင်နှမတွေ အမှန်တော့ နိုင်ငံရေးသမားတွေ မဟုတ်ပေမယ့် ကိုနေဘုန်းလတ်နဲ့ အားလုံးလွတ်အောင်ဆုတောင်းတဲ့ အနေနဲ့ အင်းလျားကန်ဘောင်မှာ Free Burma ဆိုတဲ့ စာရေးထားတဲ့ မီးပုံးတွေ ညဘက် သွားလွှတ်ကြပါသေးတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ အုပ်စုကို သိတတယ်လို့ ယူဆရတဲ့ ထောက်လှမ်းရေးတွေနဲ့ စကားပြောစက်တွေပါတဲ့ လူတွေပါ ကန်ဘောင်မှာ မီးပုံးလွတ်တာ လာကိုင်ပေးသေးတယ်။ အဲဒီတုန်းက မီးပုံးမှာ စာသားကြီးနဲ့လေ သူတို့လဲ တွေ့ပုံရတယ်နောက်တော့ အခြေအနေမဟန်တာနဲ့ အားလုံးစုပြီး MICT park ဘက်က လူရှင်းတဲ့ လမ်းဘက်သွားမယ်ဆိုပြီး သွားတာ ပြည်လမ်းကနေ လိှုင်တက္ကသိုလ်ထဲဝင်တဲ့ ရွှေဟံသာလမ်းထိပ်မှာ ကျွန်တော်တို့ အုပ်စုလမ်းလျောက်နေတာကို ကားလမ်းဘေးက taxi ထဲကနေ dslr ကင်မရာတစ်လုံးနဲ့ ကျွန်တော်တို့ အုပ်စုကို လှမ်းရိုက်နေတာကို တွေ့လိုက်ရတယ်။ အမှန်တော့ ကျွန်တော်က တစ်ယောက်ထဲနောက်မှာ ကျန်နေခဲ့တာ ကျန်တဲ့သူတွေက အရှေ့မှာ လမ်းလျောက်သွားနေကြတော့ ကျွန်တော့်ကို သူတို့ သတိမထားမိလိုက်ဘူးထင်တယ်။ ကျွန်တော်တွေ့တွေ့ချင်းမှာ စက္ကန့်ပို်င်းလောက် လူတစ်ကိုလုံးရပ်သွားပြီး ကြောင်သွားတယ်။ နောက်တော့ သူတို့ဆီပဲပြေးလိုက်သွားလိုက်တယ် ကြောက်မှာစိုးလို့ ကျွန်တော်ဘယ်သူ့ကိုမှ မပြောခဲ့လိုက်ဘူး။ နောက်တော့ ကျွန်တော်တို့ လိှုင်တက္ကသိုလ်ဝင်းထဲကနေ ပြန်ခဲ့ကြတယ်။

အမှန်တော့ အမှတ်တရတွေပါပဲ နိုင်ငံရေးသမားလဲ မဟုတ် အတိုက်အခံလဲ မဟုတ်ပဲနဲ့ အဲဒီနှစ်တွေမှာ ဘလော့ဂ် ရယ် ဘလော့ဂ်ဂါ ဆိုတဲ့ စကားလုံးတွေက သူပုန်လိုဖြစ်နေခဲ့တယ်။ ကျွန်တော့်ဆီကို ဘယ်ကမှန်းမသိတဲ့ သူတွေလာတွေ့ပြီး ဘလော့ဂ်လောက အကြောင်းစုံစမ်းတာမျိုးရှိခဲ့တယ် နောက် အတိုက်အခံဘလော့ဂ်တွေ ဘယ်သူတွေလဲ မေးတာမျိုးရှိခဲ့တယ်။ ကျွန်တော်လဲ အမှန်အတိုင်းပဲဖြေခဲ့တာပဲ ကျွန်တော်နဲ့ တစ်ယောက်မှမသိဘူးနောက် သူတို့က နိုင်ငံခြားကနေ နာမည်ပြောင် nick name တွေနဲ့ ရေးနေတော့ စုံစမ်းဖို့ မလွယ်ပါဘူးလို့ပဲ ဖြေခဲ့သေးတယ်။ ဆိုးချက်က ဘလော့ဂ် ဆီမင်နာတွေ ၂၀၀၇ နောက်ပိုင်းလုပ်ခွင့်မရဘူး ဘလော့ဂ်နာမည် စာနယ်ဇင်းမှာ ပါခွင့်မရခဲ့ဘူး။ ဆီမင်နာဖြစ်ဖို့ ကိုယ့်အဖွဲ့ဖာသာ ခေါင်းခံပြီး ကြိုးစားကြတာတောင် MCPA လို ကွန်ပျူတာ အသင်းတွေက ကန့်ကွက်လို့ အခန်းတောင် ငှားခွင့်မရခဲ့ဘူး။ အခုတော့လဲ အားလုံးပြောင်းလဲသွားပါပြီ။ ဘလောဂ်ဟာ citizen journalist တွေ မွေးထုတ်ပေးတဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ်။ ဘလော့ဂ်တွေ ပြန်ဖွင့်ပေးပြီး ကိုနေဘုန်းလတ် ကိုလဲ လွှတ်ပေးလို့ ဝမ်းသာရပါတယ်။ ကိုနေဘုန်းလတ် အိမ်ကိုပြန်ရောက်လာတာကို အမှတ်တရအဖြစ် ဗီဒီယို ရိုက်ပြီး တင်လိုက်ပါတယ်။ နောင်တစ်ချိန် အထိ အမှတ်တရ ဖြစ်စရာအနေနဲ့ ကျန်ခဲ့မှာပါ။ အားလုံးပဲ ကျေးဇူးပါ….

Update ~ Photos of Ko Nay Phone Latt as he is leaving Pha An Prison on 13 January 2012 on LA Times newspaper frontpage. Photo by Ko Nyein Chan Naing/EPA

Related Posts


January 01, 01:53 PM

ပြီးခဲ့တဲ့ ၂၈ ရက်မှာ မီးလောင်ပေါက်ကွဲခဲ့တဲ့ စက်ဆန်း ဂိုထောင်တွေဘက်ကို နောက်တစ်ခေါက်ရောက်သွားဖြစ်ပါတယ်။ ပထမတော့ ဒုက္ခသည်စခန်းဘက်မှာ မနက်ပိုင်း ၃၀ ရက်နေ့မှာ ဓာတ်ပုံရိုက်ဖြစ်ပါတယ် နောက်တော့ မနီးမဝေးမှာ ရှိတဲ့ မီးလောင်ပြင်ကိုသွားဖြစ်တယ်။ ဝင်ဝင်ခြင်းမှာ အစောင့်ရဲအရာရှိတွေနဲ့ နဲနဲစကားပြောလိုက်ရတယ်။ နောက်တော့ အိုကေသွားတာနဲ့ အထဲ ဂိုထောင်တွေဘက်ကို အရင်ဝင်ဖြစ်ပါတယ်။ အထဲမှာ မီးမလောင်ပဲ အမိုးပျက်စီးရုံ ပြိုကျရုံလောက်ဖြစ်တဲ့ ဂိုထောင်တွေမှာ ပစ္စည်းတွေ ကုန်ကားနဲ့ သယ်နေကြတာတွေ့ပါတယ်။ ဒီ ဂိုထောင်တန်းတွေမှာ ဘာအဓိကထားလဲ ပြောရခက်ပါတယ်။ အားလုံးက စီးပွားရေးလုပ်ငန်းရှင် အမျိုးမျိုးဆိုတော့ တစ်ချို့ အခန်းတွေမှာ စားသောက်ကုန် ပဲစေ့လို အိတ်တွေရှိတယ်။ တော်တော်လေးကံကောင်းပြီး ကျန်ခဲ့တဲ့ အခန်းတစ်ခုက ​air con အကြီးစားတွေ မပျက်စီးပဲ ရှိနေတာ တွေ့ရပါတယ်။

တစ်ချို့အခန်းတွေက ထိုင်းကလာတဲ့ စားသောက်ကုန်၊ အချိုရည်၊ ကော်ဖီမစ်ထုတ်တွေ ရှိတယ်။ တစ်ခန်းမှာတော့ ပေပါအနီတွေနဲ့ စားသုံးဆီလား ဓာတုဗေဒ အရည်လား မကွဲတဲ့ ပေပါတွေ အများကြီးတွေ့ပါတယ်။ တစ်ခန်းမှာတော့ ထောင်ချီမယ်ထင်တယ် စတီး ဒန်အိုး၊ ခွက်၊ ချိုင့်တွေ တွေ့ရပြန်ပါတယ်။ အဲဒီအခန်းဆို တစ်ခန်းလုံး စတီးအိုးတွေ ခွက်တွေမီးလောင်တစ်ဝက်နဲ့ ပြန့်ကျဲနေတာမို့ အပေါ်စီးကနေရိုက်ရင် ကောင်းမယ့် pattern ဖြစ်နေပေမယ့် ဝင်ဖို့မလွယ်လို့ မဝင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အပေါ်မှာ မီးလောင်ပြီး စုတ်ပြတ်နေပြီ မနက်ကပဲ ဒုက္ခသည်စခန်းမှာ မီးလောင်ပြင်က ထုတ်တန်းပြုတ်ကျလို့ လူနာတစ်ယောက် ရောက်လာတာတွေ့တော့ မဝင်ရဲဘူးဖြစ်သွားတယ်။ အဲဒီအခန်းက ကျွန်တော်ဟိုတစ်နေ့က တင်ခဲ့တဲ့ ဓာတ်ပုံ ၂ ပုံမှာ ဂိုထောင်မီးလောင်နေတဲ့ နေရာပါပဲ။

နောက်တော့ ဂိုထောင်ရဲ့ အရှေ့မြောက်ထောင့် ပုဇွန်တောင်ချောင်းနဲ့ ကပ်ရပ်မှာ ရှိတဲ့ ပေါက်ကွဲမှု့ဖြစ်တဲ့ ဂိုထောင်ခန်းကိုရောက်ဖြစ်ပါတယ်။ ဂိုထောင်ခန်းလို့ ပြောပေမယ့် အားလုံးက မြေပြင်မှာ ပြားပြားဝပ်နေပါပြီ ခန့်မှန်းပြီးပြောတာပါ။ အဲဒီ ကျင်းဟာ MRTV က ကြေငြာသွားတဲ့အတိုင်း အချင်း ပေ ၄၀ အနက် ၁၅ ပေလောက်ရှိမှာပါ။ တိုင်းရင်းဆေးတွေ ထားတဲ့ အခန်းဖြစ်နိုင်ပါတယ်။ အဲဒီကျင်းရဲ့ ပတ်ပတ်လည်မှာ ကျောက်ချဉ်၊ နနွင်း နဲ့ ဆားချောတွေ ခုထိမီးလောင်ပြီး အငွေ့ထွက်နေတာ တွေ့ရပါတယ်။ ပေါက်ကွဲတဲ့ကျင်းရဲ့ အားကို ခန့်မှန်းဖို့ သိပ်မခက်လှပါဘူး ဒီကျင်းအောက်က ကျန်ခဲ့တဲ့ အင်္ဂတေထုဟာ အနဲဆုံး ၃ ပေအနက်လောက် အောက်ခံ foundation ရှိပါတယ်။ အဲဒီ အခံမှာ ၁၅ ပေလောက်နက်တဲ့ ကျင်းဖြစ်တဲ့ အားကို ခန့်မှန်းကြည့်လို့ ရပါတယ်။ ဒီ ဂိုထောင်ကို အင်္ဂလိပ်ခေတ်က အခိုင်အခန့်ဆောက်ခဲ့တာလို့ ဘေးနားက ဒေသခံပြောပြချက်အရသိရပါတယ်။ ဒီကျင်းရဲ့ ပေါက်ကွဲအားကြောင် ဂိုထောင်နဲ့ ပေ ၂၀၀ အကွာလောက်က လူနေအိမ်တွေက အလုံးလိုက်ပြိုကျနေတာတွေ့ရပါတယ်။

အဲဒီအိမ်တွေရှေ့က အုန်းပင်မှာ ၅ မူးသံချောင်းစိုက်နေတာတွေ့ရသလို ရိုးရိုးဝါးခြမ်းပြား ပါစိုက်နေတာ တွေ့ရပါတယ်။ ဝါးခြမ်းပြားကို အမှန်တော့ အုန်းပင်မှာ တူနဲ့ ရိုက်သွင်းပါဆိုတောင် လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလို ဝင်နေတာ တွေ့ခဲ့ရပါတယ်။ နောက် အိမ်တစ်အိမ်က ချိတ်ထားတဲ့ ကျားရုပ်မှာ သစ်သားချောင်းတွေ စိုက်နေတာလဲ တွေ့ခဲ့ရပါတယ်။ နောက်တော့ အဲဒီ လူနေရက်ကွက်ဘက်ကို ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ အဲဒီ မျက်နှာစာတန်းပြီး နောက်လမ်းမှာတော့ တံမြတ်စီးလှည်းနေတဲ့ ဦးလေး တစ်ယောက်တွေ့လို့ ဝင်ရောက်မေးမြန်းတဲ့ အခါ သူက မီးလောင်ပြီးမှ နယ်က ပြန်လာတာ ဖြစ်တယ်လို့ သိရတယ်။ အဲဒီဦးလေးသားကတော့ မီးလောင်တုန်းမှာ မီးသတ်ကားကို သွားကူပေးနေရင်း ပေါက်ကွဲတာကြောင့် ပေ ၁၀၀ လောက် သူတို့ ဒုတိယလမ်းပါကျော် လွင့်ထွက်သွားပြီး နာရီဝက်လောက် သတိလစ်နေတယ်လို့ ဆိုပါတယ်။ နောက်မှ ဆေးရုံသွားရတယ်ပြောပါတယ်။


Explosion from warehouse in Yangon, Myanmar earlier morning on 29 December 2011 killed 17 people, injured over 80 and left more than 800 victims homeless.

အချို့တွေက လွင့်ထွက်ပြီး ၂ ထပ်သစ်သားအိမ်တွေ အပေါ်ပါလွင့်ထွက်ကုန်တဲ့ အထိပြင်းပါတယ်။ ပေါက်ကွဲရာက ထွက်လာတဲ့ အုတ်စ၊ ခဲစတွေဟာ ကျည်ဆံလို အားပြင်းပြီး ထိသမျှလူ အစိတ်အပိုင်းတွေ စုတ်ပြတ်ထွက်ကုန်ပါတယ်။ ခေါင်းပြတ်သွားတာတွေလဲ ရှိတယ်လို့ ပြောပြပါတယ်။ ပေါက်ကွဲမှု့က မီးလောင်ပြီး မကြာခင် အချိန်လေးတင်ပဲဖြစ်တာမို့ ပထမဆုံးရောက်ခဲ့တဲ့ မီးသတ်ကား နောက် ရက်ကွက်ထဲက ဝင်ရောက်မီးငြိမ်းပေးသူ အတော်များများ အသက်ပေးခဲ့ရတယ်လို့ ကြားရပါတယ်။ နောက်တစ်ဖက်ခြမ်းဘက်မှာတော့ အမေအိုတစ်ယောက် အိမ်ပျက်ထဲထိုင်နေတာ တွေ့လို့ ဝင်ရောက်မေးမြန်းဖြစ်ပါတယ်။ အမေကြီးရဲ့ ပြောစကားတွေကို ဗီဒီယိုမှာ ကြည့်လို့ ရပါတယ်။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ် အမေကြီးက သူ့ယောကင်္ျားနဲ့ ၂ ယောက်ထဲ အဲဒီ အခန်းကျဉ်းလေးမှာ ငှားနေရတာလို့ သိရတယ်။ ကျွန်တော့်ကိုတောင် ဧည်ခံစရာရေပဲရှိလို့ အားနာနေပုံရတဲ့ အမေကြီးကိုကြည့်ပြီး ဝမ်းနည်းရပါတယ်။ အသက်မသေခဲ့တာပဲ ကံကောင်းတယ် ပြောရမလိုပါပဲ။

ပေါက်ကွဲအားကြောင့် အဲဒီဘက်က အိမ်အားလုံးနီးပါးပြိုကျ အမိုးမရှိဖြစ်ကုန်တာ တွေ့ရပါတယ်။ အပြင်ဘက်လမ်းပေါ်မှာတော့ ကြံခိုင်ရေးက လာလှူတဲ့ အစားအသောက်တွေ ဝေနေတာ တွေ့ရပါတယ်။ နောက် ရုပ်ရှင်ထဲက လူကြမ်းမင်းသားတွေ အဖွဲ့ဖြစ်တဲ့ ကိုလူချောတို့ အဖွဲ့လဲ လှူဒါန်းရင် လုပ်အားဒါန ပေးနေတာ တွေ့ရပါတယ်။ ဒုက္ခသည်စခန်းမှာတော့ ကြက်ခြေနီ၊ စစ်တပ်က ဆေးအဖွဲ့တွေ၊ NLD ပါတီ၊ ကြံခိုင်ရေး စတဲ့အဖွဲ့တွေ ဆေးပေးခန်းတွေ အလှူတွေလုပ်နေတာ တွေ့ရလို့ သာဓုခေါ်ရပါတယ်။ အပြန်မှာ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ လာပြီး လှူဒါန်းကြတာကိုလဲ တွေ့ရပါတယ်။ လက်ရှိတော့ အိမ်တွေမှာ အဝတ်အစား၊ အစားအသောက် အဆင်ပြေပေမယ့် အိမ်တွေပြန်ပြင်နိုင်ဖို့က အရေးကြီးလိုအပ်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ အပျက်အစီး ဧရိယာကြီးဟာ 2008 တုန်းက ကြည့်ခဲ့ဖူးတဲ့ The Kingdom ကားထဲက အမေရိကန်သံရုံး ဗုံးဖောက်ခွဲသလိုမျိုး ကျင်းကြီးနဲ့ ပေါက်ကွဲအား ပြင်းလှပါတယ်။ ဒီပေါက်ကွဲအားကြောင့် ဒေါပုံဘက်က ကျွန်တော်ညတွင်းချင်းသွားခဲ့တဲ့ ရက်ကွက်က ကလေး ၂ ယောက်လဲ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းအရ ပုဇွန်တောင်ချောင်းမှာလဲ အလောင်းတွေပေါ်တယ်လို့ ကောလဟာလလိုလို ကြားရပြန်ပါတယ်။ စိတ်မကောင်းဖြစ်မိသလို အစိုးရ ဥပဒေပြု အဖွဲ့အစည်းတွေ အနေနဲ့ မြို့တွင်းမှာ အဲဒီလို သိုလှောင်ရုံတွေ ဆောက်လုပ်ခွင့်မပြုဖို့။ ဂိုထောင်တွေမှာ ဘာတွေလှောင်ထားတယ်ဆိုတာ အပြင်မှာ စာကပ်ထားဖို့ လိုပြီလို့ ထင်ပါတယ်။ နောက် မီးသတ်အဖွဲ့တွေကိုလဲ အဆင့်မြင့်ပေးသင့်ပါပြီ မီးသတ်ရဲဘော်တွေဟာ တကယ့်ကို မျက်မြင်ကိုယ်တွေ့ပါ ကိုယ့်အိမ်မီးလောင်နေသလို ကြောက်လှန့်မှု့ မရှိပဲ ငြိမ်းသတ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် သူတို့မှာ မျက်နှာမှာ gas mask လိုမျိုး မရှိသလို အခြား ခေတ်မှီ ကရိယာတွေလဲ မရှိကြတဲ့ အတွက် အန္တရာယ် အလွန်များလှပါတယ်။ ဆေးပစ္စည်း ကုန်ကြမ်းတွေဟာ ဆေးဆိုပေမယ့် မီးစုပြီးလောင်ရင် ဓာတုဗေဒ အဆိပ် gas ဖြစ်တာပါပဲ။ မျက်နှာကို တစ်ချက် ရိုက်လိုက်ရင် တော်ရုံလူမေ့လဲသွားနိုင်လောက်ပါတယ်။ တတ်နိုင်ရင် အစိုးရ ဘတ်ဂျက်တိုးချသင့်သလို အလှူရှင်တွေ အနေနဲ့လဲ မီးသတ်ကို လှူပေးသင့်ပါတယ်။ အစိုးရ အနေနဲ့ ဥပဒေတွေနဲ့ စီးပွားရေးသမားတွေလက်ကနေ မရှိဆင်းရဲသားတွေ ခေါင်းပုံဖြတ်ခံရတာမျိုးတွေ ကာကွယ်ပေစေချင်တယ်၊ Safty first ဆိုတာကို လက်တွေ အကောင့်အထည်ဖော်စေချင်ပါတယ်။ ဒီနှစ်မှာတော့ အားလုံးဘေးကင်းဖို့ ဆုတောင်းပါတယ်။

Related Posts


December 31, 02:37 PM

၃၀ ရက်နေ့မှာ National League for Democracy Party က ပညာရေးရန်ပုံငွေအတွက်လုပ်တဲ့ show ပွဲကို ရောက်ဖြစ်ပါတယ်။ ဒီပွဲကို MCC မှာ ညနေ ၃ နာရီကစလုပ်တာ ဖြစ်ပါတယ်။ အပြင်ဘက် ကွင်းပြင်မှာလုပ်ပြီး စျေးဆိုင်တန်းတွေနဲ့ တော်တော်စည်ပါတယ်။ ဖွင့်ပွဲ အခန်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် အမှာစကားပြောပြီး အဆိုတော်များနဲ့ အတူဖွင့်လှစ်ပါတယ်။

Show ပွဲလို လူစည်တဲ့နေရာ သိပ်သွားလေ့မရှိတဲ့ ကျွန်တော့်အတွက်တော့ ဒီပွဲက ထူးထူးခြားခြားပါပဲ ဘာလို့လဲဆိုတော့ stage စင်အကြီးကြီးဆောက်ထားတာတွေ့ရတာရယ်။ နောက် backdrop design ကိုလဲ ကြိုက်တာလဲပါတယ် စင်တစ်ခုလုံး အနီရောင်နောက်ခံနဲ့ ဘာစာသားမှ မပါပဲ အန်တီစုပုံ graphic art နဲ့ အရှင်းလုပ်ထားတာကို အရမ်းကြိုက်တယ်။ ဘေးဘက် တစ်ဖက်စီမှာတော့ အန်တီပုံအကြီးကြီး ၂ ခုထောင်ထားတယ်နောက် LED Screen အကြီးကြီးတစ်ခုထားပေးထားတာ ရှိတယ် နောက် ကွင်းအလယ်နဲ့ အနောက်ဖက်တွေမှာ အန်တီပုံ နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ ဘုတ်အကြီးကြီးတွေနဲ့ ကြည့်ရတာ Woodstock လို ဂီတပွဲမျိုးနဲ့ အတော်တူပါတယ်။ ကြားရသလောက် ဒီပွဲမှာ ဖျော်ဖြေဖို့ U2 အဖွဲ့နဲ့ Black Eye Peas အဖွဲ့က ကမ်းလှမ်းသေးတယ်လို့ ဆိုပါတယ် အကြောင်းကြောင်းကြောင့် သူတို့ ပါခွင့်မရလိုက်ဖူးထင်ပါတယ်။


Myanmar Democracy Leader Aung San Suu Kyi’s NLD Party Charity Music Concert 2011 @ MCC, Yangon, Myanmar. More than 60 famous singers perform to raise the fund for assisting education in Myanmar.

နောက် အဆိုတော်တွေ၊ bands တွေလဲ အများကြီး သိရသလောက် အဆိုတော် ၆၀ နီးပါးလောက်က သီဆိုပေးပါတယ်။ တကယ့်ကို woodstock လိုပဲ ဒါပေမယ့် စည်းကမ်းရှိပြီး သေသပ်တဲ့ပွဲပါပဲ အထဲမှာ မူးရူးသောင်းကျန်းတဲ့သူ မပါဘူး။ အန်တီစု ကတော့ ပရိတ်သတ်တွေရဲ့ အလယ်နားမှာထိုင်ပါတယ် ရှေ့ဆုံးခုံတန်းမှာ မထိုင်ပါဘူး။ ဒီပွဲမှာ စင်ပေါ်မှာ အန်တီပုံ ရိုက်နှိပ်ထားတဲ့ t-shirt ၂ ထည်ရှိပြီး အဲဒီပေါ်မှာ အဆိုတော်တွေ၊ ဂီတပညာရှင်တွေက လက်မှတ်ရေးထိုးပေးကြပါတယ်။ အဲဒီ ၂ ထည်မှာ ၁ ထည်ကို အန်တီကို အမှတ်တရပေးမှာ ဖြစ်ပြီး ၁ ထည်ကိုတော့ ပညာရေးရန်ပုံငွေအတွက် လေလံပစ်တာမှာ ကျွန်တော် ည ၁၀ နာရီပြန်လာတဲ့ အထိ စျေးက သိန်း ၇၀ ရောက်နေပါပြီ။ နောက်ဆုံးမှာတော့ ၁၂၅ သိန်းနဲ့ အမျိုးသမီး စီးပွားရေးသမား တစ်ယောက် ဝယ်ယူအားပေးသွားတယ်လို့ သိရတယ်။


Aung Aung (Brother of Htoo Eain Thin) performs Yarzawin Myar Yae’ Thato Thamee at National League for Democracy Party’s Charity Concert show in Yangon, Myanmar on 30 December 2011.

ပွဲက ဘယ်အချိန်ပြီးလဲတော့ မသိပါဘူး ကျွန်တော်ကတော့ ၁၀ နာရီလောက်မှာ ပြန်ခဲ့ပါတယ်။ အဲဒီအချိန်အထိ အဆိုတော် အများကြီးမဆိုရသေးဘူးဆိုတော့ ညနက်မှပြီးတယ်ထင်ပါတယ်။ အဆိုတော်အစုံ တီးဝိုင်းအစုံနဲ့မို လာကြည့်တဲ့ ပရိတ်သတ်တွေလဲ လက်မှတ်ဝယ်ရတာ တန်တဲ့ပွဲပါပဲ။ နောက်လက်မှတ်ဖိုးတွေကလဲ အလကားမဖြစ်ပဲ ဆင်းရဲနွမ်းပါးသူတွေအတွက် ပညာရေးအထောက်အပံ့ဖြစ်တာမို့ အလှူလုပ်ပြီးသားလဲ ဖြစ်တဲ့ပွဲပါ။ ပွဲဟာ Standard ရှိပြီး ကျွန်တော် ကြုံဖူးတဲ့အထဲမှာတော့ အကြီးကြယ်ဆုံး ဂီတပွဲတော်ပါပဲ။ ၂၀၁၂ ထဲမှာလဲ ဒီလိုမျိုးပွဲနောက်ထပ် လုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းအထက်အလွန် ကောင်းမှာပါပဲ။ မကြည့်လိုက်ရတဲ့သူတွေအတွက် နိုင်သလောက် ဗီဒီယိုလေးရိုက်ထားပြီး showreel ပုံစံလေး လုပ်ပြထားပါတယ်.. ကျွန်တော်ရှိနေတုန်းမှာ ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ လင်းလင်း စတဲ့သူတွေ မဆိုသေးတာမို့ အကုန်မပါခဲ့ပါဘူး။ နောက် ထူးအိမ်သင် ရဲ့ ညီ အောင်အောင် ဆိုထားတဲ့ ရာဇဝင်များရဲ့ သတို့သမီး သီချင်းကိုတော့ အစအဆုံး ရို်က်ထားလိုက်တယ်။ အဲဒီကောင်ကတော့ iPhone ကင်မရာနဲ့ ရိုက်ထားတာမို့ အသံတွေဘာတွေတော့ မကောင်းပါဘူး။

ကွန်နက်ရှင် မကောင်းလို့ ဘာမှတင်မရတာနဲ့ ၂၀၁၂ ထဲတောင်ရောက်သွားပါတယ်.. အားလုံးပဲ Happy New Year ပါ….

Related Posts


December 29, 10:42 AM

ဒီနေ့ မနက် ၂၉ ရက် မနက် အစောပိုင်း အမှန်တော့ ၂၈ ရက်ည ၁နာရီ ခွဲလောက်မှာ ကျွန်တော် အိမ်မှာ ကွန်ပျူတာရှေ့ထိုင် html ရေးနေတုန်း အုန်း ဆိုတဲ့ ပေါက်ကွဲသံကြီးနဲ့ အတူ အိမ်က တံခါးတွေကို တစ်ယောက်ယောက် စောင့်ကန်သလိုအသံတွေ ဘေးနားက တိုက်တွေ မှန်ကွဲသံတွေပါ ကြားလိုက်ရပါတယ်။ အမှန်တော့ ကျွန်တော် နားကျပ်နဲ့ သီချင်းနားထောင်ရင်း အလုပ်လုပ်နေတာဗျ ပေါက်ကွဲသံက ဘယ်လောက်ကျယ်လဲဆို သီချင်းသံကျော်ပြီးဝင်လာတယ်။ ဒါနဲ့ အိမ်ဝရန်တာထွက်ကြည့်တော့ မင်္ဂလာမွန်စျေး နိုက်ကလပ်တွေ ရှိတဲ့ ဘက်က လူတွေ ပြေးထွက်လာတာ၊ ကားတွေ အများကြီးထွက်လာတာ တွေ့လို့ အဲဒီမှာ ဗုံးပေါက်တယ် ထင်လိုက်တယ်။ ကင်မရာလွယ်ပြီး ဆင်းမယ်လုပ်တော့ အမေက စိတ်မချလို့ လိုက်မယ်ဆိုပြီး ပါလာပါတယ်။

အမှန်တော့ ကျွန်တော် ညဘက်အိမ်ပြန်ရောက်တာ မကြာသေးပါဘူး ၂၈ ရက်မှာ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး press conference သွားတယ် မော်ဒယ်ရိှုး ၂ ခုဆက်တိုက်ရိုက်ခဲ့ပြီး လူလဲပြိုင်းနေပြီ web site dead line ရှိလို့ ထိုင်ရေးနေရင်းကနေ ဖြစ်တာ။ တိုက်အောက်ဖက်ဆင်းတော့ အခြား အခန်းကလူတွေရော ဝရန်တာတွေမှာ ထွက်ပြီး ကြည့်နေကြတာတွေ့ပါတယ် နောက်တော့ အသိတွေဆီက ဖုန်းဆက်ပြီး ကျွန်တော့်ကို သတင်းပေးကြတယ်။ အစက ဒေါပုံဘက်လို့ ကျွန်တော်ထင်လိုက်တာ နောက်တော့ ကားသမားတစ်ယောက်က စက်ဆန်း ဘက်ဆိုလို့ ကားငှားပြီး အပြေးသွားဖြစ်ပါတယ်။ ကျွန်တော့်အိမ်နဲ့ စက်ဆန်းနဲ့က မှတ်တိုင် ၂ တိုင်စာပဲဝေးတော့ အစောဆုံးရောက်သွားတယ်။

ဟိုမှာ မျက်နှာမှာ မှန်ထိပြီး သွေးတွေထွက်နေတဲ့ သူတွေနဲ့ အရင်စတွေ့ပါတယ်။ နောက်တော့ အဲဒီ စက်ဆန်း (ABC မှတ်တိုင်) နားက ဂိုထောင် အတန်းလိုက်မှာ မီးအကြီးအကျယ်လောင်နေတာ တွေ့ရတယ်။ နောက်တော့ အခြား သတင်းဓာတ်ပုံဆရာအကိုတွေ ရောက်လာတာမို့ သူတို့နဲ့ အတူတူ လောင်နေတဲံဂိုထောင် တွေရဲ့ နောက်ဖေးလမ်းကြားထဲ ပြေးဝင်ပြီး ဓာတ်ပုံရိုက်ဖြစ်ကြပါတယ်။ အန္တရာယ် အတော်များပါတယ် မီးအပူရှိန်ဟပ်နေတယ် ကျွန်တော် 16-35 wide သုံးပြီး video ရို်က်ထားလို့ မီးကရိုက်တဲ့နေရာနဲ့ ဝေးတယ်လို့ ထင်နေရတာ.. နောက်အဲဒီဘက်ကပြေးလာတဲ့ ရက်ကွက်သားတစ်ယောက်က ပြေးရင်းပြောပါတယ် လောင်နေတဲ့ ဂိုထောင်ပြီးရင် ကျွန်တော်တို့ ရှိတဲ့ တစ်ဖက်ခြမ်းက ဂတ်စ် အိုးတွေထားတဲ့ ဂိုထောင်တဲ့ ပြေးဆိုလို့ ပြေးရပြန်တယ်။ လေက ကံဆိုးချင်တော့ မြောက်ဖက်ကနေ ကျွန်တော်တို့ ရှိတဲ့ တောင်ဖက်တိုက်နေတာ ဒါနဲ့ ပြေးထွက်ခဲ့တယ်။

အနီးအနားက လူတွေပြောပြချက်အရ ပေါက်ကွဲအား အရမး်ပြင်းပါတယ် ၃ ကြိမ်ထက်မနည်းပေါက်ခဲ့ပြီး အိမ်တွေပါ တုန်သွားတဲ့ ပေါက်ကွဲချက်က မိှုပွင့်သဏ္ဏန် မီးတောက်ကြီးပါ တက်တဲ့ အကြောင်း ပြောပြတယ်။ ကျွန်တော့်အိမ်ကနေပါခံစားရတဲ့ ပြင်းထန်တဲ့ တုန်ခါမှုဟာ အဲဒီမီးလောင်ပြင်မှာရောက်နေတဲ့ မီးသတ်ရဲဘော်တွေအတွက် ကံမကောင်းနိုင်ဘူးဆိုတာ ချက်ချင်းတွေးမိပြီး စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီနားမှာပဲ ဓာတ်ပုံရိုက်နေရင်း လူ ၃ ယောက်က ကျွန်တော့်ကို သတင်းထောက်လားမေးပြီး သူတို့မှာ အပျက်အစီးအဆောက်အဦးတွေရှိတယ် လိုက်ရိုက်ပါ ပြောလို့ ဘာမှန်းမသိပဲ လိုက်ဖြစ်တယ်။ နဲနဲတော့ လန့်နေတယ် ကျွန်တော့်မှာက ရုံးကပေးတဲ့ ကင်မရာတွေကော lens တွေရော လွယ်ထားတယ် ကျောပိုးအိပ်ထဲမှာကောပဲ။ လုမလို့လား မသိဘူးပေါ့ သူတို့က မီးလောင်ပြင်နဲ့ ဝေးရာ တော်တော်ဝေးဝေးကို ခေါ်သွားပါတယ်။ နောက်တော့မှ ဗလီတစ်ခုထဲဝင်သွားပြီး အပျက်အစီးတွေပြမှ စိတ်အေးရတယ် တကယ်လိုက်ပြချင်တဲ့ သူတွေပါပဲပေါ့။ အဲဒီဗလီက မီးလောင်တဲ့ နေရာနဲ့ အတော်ဝေးပါတယ် ဒါပေမယ့် မျက်နှာချက် အလူမီနီယံတံခါးတွေ ပန်ကာ၊ အဲယားကွန်း၊ မှန်တွေအားလုံးက ဗုံးကွဲထားတဲ့ နေရာတစ်ခုလို့ ပြန့်ကျဲနေပါတယ်။ ဒါနဲ့ ဓာတ်ပုံရိုက် ဘလော့ဂ်မှာ တင်ရအောင် ဗီဒီယိုပါ ရိုက်ဖြစ်ပါတယ်။ အလူမီနီယံတံခါးတွေ ပန်ကာ၊ အဲယားကွန်း၊ မှန်တွေအားလုံးက ဗုံးကွဲထားတဲ့ နေရာတစ်ခုလို့ ပြန့်ကျဲနေပါတယ်။ ဒါနဲ့ ဓာတ်ပုံရိုက် ဘလော့ဂ်မှာ တင်ရအောင် ဗီဒီယိုပါ ရိုက်ဖြစ်ပါတယ်။

နောက်တော့ အဲဒီ အကိုတွေ ကားနဲ့လိုက်ပို့ပေးလို့ ဒေါပုံဘက်အခြမ်းပါရောက်ဖြစ်ပြီး အဲဒီဘက်မှာ ဖြစ်တဲ့ အိမ်နံရံပြိုကျတာတွေ တိုက်တွေ ကြွေပြားတွေကွာ ပက်ကြားအတ်သွားတာတွေ၊ တစ်ဖက်ကမ်းမှာ မီးလောင်နေတာတွေ ကိုပါ ရိုက်ခွင့်ရလိုက်ပါတယ်။ နောက်တော့ မီးလောင်တဲ့ စက်ဆန်းဘက်ပြန်ကူးတဲ့ အချိန်မှာတော့ မနက် ၅ နာရီကျော်ပြီမို့ မီးလဲ အတော်ထိန်းနိုင်သလောက် ဖြစ်သွားတာတွေ့ရသလို လူလဲ အတော်ရှင်းသွားပြီမို့ အိမ်ပြန်လာဖြစ်ပါတော့တယ်။ ရောက်ရောက်ချင်း သတင်းဓာတ်ပုံပို့ နောက် ဝဘ်ဆိုဒ်ရေးနဲ့ အခုဘလော့ဂ်ရေးနဲ့ ခုထိမနားရသေးပါဘူး အကျီလဲ မလဲရသေးဘူး။ ကံဆိုးချင်တော့ ပိုက်ဆံကားခတောင်မရှိလို့ ဒီနေ့ ညနေပိုင်း မီးသတ်က ကျဆုံးသွားတဲ့ ရဲဘော်တွေ အသုဘအခမ်းအနားတောင် သွားမရိုက်နိုင်တော့ပါဘူး။ ခုတော့ ပုံလဲ ၂ ပုံပဲတင်ထားပြီး ဗီဒီယိုတင်ပြီးနားပါတော့မယ့်။ အခုတင်ထားတဲ့ video ကို CNN channel ကနေ နောက် ၂၄ နာရီအတွင်းမှာ ပြပေးပါလိမ့်မယ်။ အသက်ပေးပြီးကာကွယ်သွားခဲ့ကြတဲ့ သူရဲကောင်း မီးသတ်တွေကို လေးစားမိပါတယ်။ ကောင်းရာသုဂတိလားကြပါစေ…..

Related Posts


December 23, 03:05 PM

ဒီရက်ပိုင်း အလုပ်များနေတာကော၊ ပျင်းနေတာပါရောပြီး ဘလောဂ်မှာ ဘာမှ အသစ်မတင်ဖြစ်ပါဘူး။ ဒီနေ့တော့ ဘာရယ်မဟုတ်ပဲ ဖတ်မိတဲ့ သတင်းလေးကြောင့် ဘလော့ဂ်ထရေးပါတယ်။ အမှန်တော့ ဒီနေ့ Miss Christmas မော်ဒယ်ပြိုင်ပွဲရိုက်ဖြစ်ပေမယ့် မတင်တော့ပါဘူး။ ဒီညပြန်ရောက်တော့ ကြည့်မိတယ် နောက်နှစ်မှာ အသစ်ထွက်တော့မယ့် Batman ~ The Dark Knight Rises trailer ကြည့်မိတာကြောင့် ပြန် share လုပ်ပါတယ်။ ဒီကားက အခုမှ Trailer No #2 ကို iTunes Movie Trailler မှာ တင်ခဲ့တာပေမယ့် ၂၄ နာရီအတွင်းမှာ 12.5 Million download လုပ်ခဲ့တာမို့ record စာရင်းဝင်ပါဖြစ်သွားပါတယ်။

ဒီကားသစ်ကလဲ trailer ကြည့်ရသလောက်တော့ Heath Ledger ရဲ့ ဂျိုကာ သရုပ်ဆောင်ချက်တွေလိုပဲ ဗီလိန် အသားပေးကား ဖြစ်မယ့်ပုံပဲ တူပါတယ်။ Batman ကားတွေကလဲ ဗီလိန်တွေက နာမည်ကြီးတယ်လေ အာနိုးပါခဲ့ဖူးတယ်၊ ဂျင်ကာရေးပါတယ်၊ နောက် Heath Ledger လိုလူတွေပါခဲ့တယ် ခုကားကလဲ ကြမ်းမယ့်ပုံပါပဲ။ Batman ကားတွေရဲ့ trailer တွေကလဲ အမြဲစိတ်ဝင်စားဖို့ကောင်းတယ်။ နောက်ဇာတ်ကားက superhero ကားဆိုပေမယ့် action ဆန်ပြီး စိတ်ဝင်စားစရာဖြစ်အောင် စွဲဆောင်နိုင်တဲ့ ဇာတ်တွေချည်းပါပဲ။ Superhero ကားတွေမှာ Batman နဲ့ Spiderman ကို ကြိုက်ပါတယ် ဘာလို့လဲဆို နောက်ခံ orchestra သံ soundtrack ကိုကြိုက်တာကြောင့်ပါမယ် ရုံထဲမှာ ကြည့်ရရင် အတော်ကောင်းတဲ့ အသံမျိုးပါ။ အိုကေ ခုတော့ trailer ကြည့်ပြီး ဘာကြောင့် 1.2 Million download ရတာလဲ စဉ်းစားလို့ ရတာပေါ့… ကျေးဇူးပါ…

Related Posts


December 09, 11:29 AM

မနေ့က ဒီဇင်ဘာ ၈ ရက် မနက်ခင်း ၇ နာရီလောက်မှာ ဗိုလ်အောင်ကျော် လမ်းမှာ ရှိတဲ့ Saint Mary Cathedral ကို ရောက်ဖြစ်ပါတယ်။ အဲဒီမှာ Cathedral ရဲ့ နှစ် ၁၀၀ ပြည့် တည်ထောင်ခြင်း ပွဲကို ကျင်းပနေတာပါ။ မနက်အစောကတည်းက လူစည်နေတာဖြစ်ပြီး တိုင်းရင်းသား ခရစ်ယန်ဘာသာဝင်တွေလဲ အများအပြားတွေ့ရပါတယ်။ မနက် အစောရောက်ကတည်းက cathedral ထဲမှာ ခုံတွေ အပြည့်ဖြစ်နေပါပြီ။

ဘုရားကျောင်း အပြင်ဘက်က စတိတ်စင်မှာတော့ အန်တီ နွဲ့ယဉ်ဝင်းနဲ့ သမီး သံသာဝင်း တို့ သီချင်းဆိုနေတာ ခဏနားထောင်ဖြစ်ပါတယ်။ နောက်တော့ ဘုရားကျောင်းအနောက်ဘက်က father house ဘက်ကိုသွားဖြစ်ပါတယ် ဘာလို့လဲဆိုတော့ အဲဒီဘက် သိမ်ဖြူလမ်းဘက်ကနေ အန်တီစု ဝင်မှာမို့ပါပဲ။ မနက်အစောပိုင်းမှာ Vatican envoy ဘုန်းတော်ကြီး ရောက်လာပါတယ်။ နောက် ၁၅ မိနစ်လောက်နေတော့ အန်တီစု ရောက်လာတာမို့ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ နောက် အန်တီစုက Vatican envoy ဘုန်းတော်ကြီး ကို နှုတ်ဆက်စကား စမြည်ပြောကြပါတယ်။ ကျွန်တော်တို့ အပြင်မှာ စောင့်နေပြီးတဲ့ နောက် အန်တီစုနဲ့ အခြား Preist, monks များလည်း ဘုရားကျောင်းကို သွားရောက်ကြပါတယ်။ အထဲကိုတော့ ကျွန်တော်တို့တွေ ဝင်ခွင့်မရလို့ မရိုက်လိုက်ရပါဘူး။ ဒါနဲ့ အပြင်မှာလဲ ဘုရားရှိခိုးကြတဲ့ နယ်အသီးသီးက လာတဲ့ လူအများကို လိုက်ပြီး ဓာတ်ပုံရိုက်ဖြစ်ပါတယ်။

နောက် အန်တီ ပြန်သွားတဲ့နောက် အထဲကိုဝင်ရိုက် အပြင်မှာ နဲနဲရိုက်ပြီးပြန်ဖြစ်ပါတယ်။ ဒီ Saint Mary Cathedral က မြန်မာပြည်မှာ အကြီးဆုံး တစ်ခုဖြစ်ပါတယ်။ လက်ရှိတော့ ကျောင်းရဲ့ မှန်တွေကို ရောင်စုံ သရုပ်ဖော်ပုံမှန်ကွက်တွေလဲ ထားတာမို့ ကျောင်းက အတွင်းရော အပြင်ရော ပြောစရာမရှိအောင် ကြီးကျယ်ခန်းနားပါတယ်။ Indoor မှာလဲ လှပတဲ့ ရုပ်ကြွတွေနဲ့ တန်ဆာဆင်ထားတာပါ။ ကျောင်းကို dutch လူမျိုး engineer က ဆောက်ခဲ့တယ်လို့ သိရပြီး အဲဒီနေ့က အသိ tour guide အမ တစ်ယောက်ပြပေးလို့ ဒီကျောင်း ဒီဇိုင်းဆွဲပေးတဲ့ dutch engineer ရဲ့ အမျိုးတွေကိုလဲ တွေ့လိုက်ရပါသေးတယ်။ ကျောင်းက ညဘက် ရိုက်ရင် မီးတွေနဲ့ အရမ်းလှမှာမို့ Christmas မှာ သွားဖြစ်အောင်သွားပါဦးမယ်.. စကားမစပ် ကြုံတုန်းကြွားရရင်တော့ မနေ့က ရိုက်ခဲ့တဲ့ ပုံ International Herald Tribune (New York Times) မှာ ဒီနေ့ပါပါတယ်။ နောက်ထပ် မျှော်လင့်တာကတော့ Guardian photo of the day မှာ ပါချင်တယ်။ အတွေ့အကြုံရယ် ပညာရယ်ကတော့ တော်တော်လိုသေးတာ အမှန်ပါပဲ။ ကြိုးစားပါဦးမယ်… ကျေးဇူးပါ..

Related Posts


Hello, I'm Htoo Tay Zar,

A freelance front-end Web Designer from Myanmar. Who love Music, Designs, Lorem Ipsum, Standards, Gadgets And of course Apple's Toys.

Finally, I'm glad you've found my page
=D

abcdefghijklmnopqrstuvwxyz abcdefghijklmnopqrstuvwxyz